နိုင်ငံရေးပြက်လုံးများကြောင့် လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် လူသိများလာခဲ့သည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ မြစ်ကြီးနား အကျဉ်းထောင်မှလွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ၎င်းအကျဉ်းကျခဲ့စဉ်ကာလများအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ကျော်ဆုမွန်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ အတွဲ ၂၇ ၊ အမှတ် ၅၄၀ ( ၂၁ - ၂၇ ၊ ၁၀ ၊ ၂၀၁၁)

အခုလို လွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။

နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။

Myanmar Times