နယူးဒေလီ (မဇ္စျိမ) ။ ။ “လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့ ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူး ပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။

2011.10.19 Mizzima

2011.10.19 Mizzima Burmese version Bur မြန်မာ