မြန်မာပြည်မှ ကလေးစစ်သားများကို အမေရိကန် ပြည်ထောင်စုတွင် အခြေချခိုလှုံခွင့်ပေးရေး ကူညီရန် သမ္မတ အိုဘားမား အစိုးရအား ကလေးစစ်သားဟောင်း ဟိန်းမင်းအောင်က အမေရိကန်လွှတ်တော် ကြားနာပွဲတွင် တိုက်တွန်းသွားသည်။

အမေရိကန် ပြည်ထောင်စုမှာ ကျနော့်ရဲ့ အဖြစ်အပျက်ကို လာရောက် ပြောပြဖို့ဟာ ကျနော့် မျှော်လင့်ချက်ပါ။ မြန်မာပြည်မှာ ကလေးစစ်သားပေါင်း ၇ သောင်းလောက် ရှိတယ်ဆိုတာကို သတိ ပိုပြုမိရေးအတွက် ဆောင်ရွက်ချင်လို့ပါ” ဟု ဟိန်းမင်းအောင်က အမျိုးသမီးလွှတ်တော်အမတ် အက်ဒီ ဘားနိုက်စ် ဂျွန်ဆင် ကမကထပြုသော အမေရိကန်လွှတ်တော် ကြားနာပွဲ၌ ယမန်နေ့က ပြောကြားသည်။

ယခုအခါ နယူးဇီလန် နိုင်ငံ၌ အခြေချနေထိုင်နေသော ဟိန်းမင်းအောင်က မြန်မာကလေးစစ်သား ထောင်ပေါင်းများစွာ အသုံးပြုခံနေရသည်ကို အဆုံးသတ်ရေးအတွက် အမေရိကန်အစိုးရ၏ အကူအညီလိုအပ်ကြောင်း၊ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂကို အမေရိကန်က ဖိအားပေးသင့်ကြောင်း ဆိုသည်။

“သူတို့ရဲ့ ကလေးစစ်သားဆိုတဲ့ အိပ်မက်ဆိုးတွေ အဆုံးသတ်ဖို့ လုပ်နေကြတာ၊ ကမ္ဘာကြီးက သူတို့ ဒုက္ခတွေအပေါ် ဂရုစိုက်တာ၊ သူတို့ အမေ့ခံ မဟုတ်တာကို ကလေးစစ်သားတွေ သိအောင် လုပ်ပေးဖို့ လိုပါတယ်” ဟု ဟိန်းမင်းအောင်က ပြောသည်။

ယခု အသက် ၂၆ နှစ် ရှိပြီဖြစ်သော ဟိန်းမင်းအောင်သည် အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်အတွင်းသို့ အသွင်းခံရသည်။ နောက် ၂ နှစ်အကြာတွင် စစ်တပ်တွင်းမှ နယ်စပ်သို့ ထွက်ပြေးခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ယခု အမေရိကန်သို့ လာရောက်ပြီး မြန်မာနိုင်ငံမှ ကလေးစစ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ အမေရိကန် ဥပဒေပြုသမားများ၊ အစိုးရအရာရှိများ၊ Think Tank များနှင့် တွေ့ဆုံပြီး ရှင်းလင်း ပြောဆိုနေသည်။

ဝါရှင်တန်ရှိ အမေရိကန် လွှတ်တော်တွင် မြန်မာ့အရေး လေ့လာသူများနှင့် ဥပဒေပြု အမတ်များ ရှေ့မှောက်၌ ထွက်ဆိုရာ၌ ဟိန်းမင်းအောင်က “မြန်မာနိုင်ငံဟာ ယနေ့ကမ္ဘာမှာ ကလေးစစ်သားအရေအတွက် အများဆုံးရှိတဲ့ နိုင်ငံတခုပါ။ ကလေးစစ်သားအဖြစ် တပ်ထဲအသွင်းခံရတာ၊ စစ်သားတယောက်အဖြစ် ဖိနှိပ်မှုတွေ ကိုယ်တိုင် ကြုံရတာ၊ အသက် ၁၆ နှစ်မှာ ထိုင်းကို ထွက်ပြေးခဲ့တာ စတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြမှာပါ” ဟု ပြောဆိုသည်။

ကုလသမဂ္ဂရုံး မြန်မာ့ရန်ပုံငွေအဖွဲ့မှ ဒေါက်တာ သောင်းထွန်းက ကုလသမဂ္ဂ လုပ်ပိုင်ခွင့်များမှတဆင့် ကလေးစစ်သားကိစ္စကို ဆောင်ရွက်လာရန် အမေရိကန်က ဖိအားပေးရန် တိုက်တွန်းသင့်ကြောင်း၊ မြန်မာအစိုးရအပေါ် အရေးယူရေးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တရုတ်နှင့် ရုရှတို့က ဗီတိုအာဏာသုံးကာ အကာအကွယ်ပေးနေသောကြောင်း ပြောသည်။

Burmese version Bur မြန်မာ 2011.08.04 The Irrawaddy - Urging US to help child soldiers
2011.08.04 The Irrawaddy - Urging US to help child soldiers